ပြည်ပငွေလွှဲလုပ်ငန်း

(ဂ) နိုင်ငံခြား ငွေလွှဲ လုပ်ငန်းများ

နိုင်ငံခြားငွေဖြင့် ပြည်ပမှ လွှဲပို့ငွေ များအား စာရင်း ထည့်သွင်းပေးခြင်း၊ ပြည်ပသို့ ငွေလွှဲခြင်းများကို ပြည်ပ အဆက်အသွယ် ဘဏ်ပေါင်း (၂၅၀) ကျော်နှင့် ချိတ်ဆက် လျှက် နိုင်ငံတကာသုံး အဆင့်မြင့် ဆက်သွယ်ရေး စနစ် SWIFT အား အသုံးပြု၍ လျှင်မြန်စွာ ဆောင်ရွက်ပေးလျှက် ရှိပါသည်။

(၁) ပြည်ပမှ လွှဲပို့ငွေများ စာရင်းသွင်းပေးခြင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၏ မတည်ငွေရင်း၊ လှည့်လည် ရင်းနှီး ငွေလွှဲ ပို့ခြင်းများ၊ ကုမ္ပဏီ အသုံးစရိတ်၊ လုပ်ငန်း ဆောင်ရွက်ခ၊ ကော်မရှင်ခ၊ အလှူငွေ ထည့်ဝင်ခြင်း၊ လျော်ကြေး ငွေလွှဲ ပို့ခြင်း၊ ခရီးသွား လုပ်ငန်းများ၏ ဧည့်သည်များ တည်းခို သွားလာမှု စရိတ်လွှဲ ပို့ခြင်း၊ ပြည်ပတွင် အလုပ် လုပ်ကိုင် နေကြသည့် နိုင်ငံသားများမှ မိသားစုထံ လစာငွေ လွှဲပို့ခြင်း အစရှိသဖြင့် ပြည်ပ နိုင်ငံ အသီးသီးမှ လွှဲပို့ငွေများကို စာရင်းသွင်း ဆောင်ရွက်ပေးလျှက် ရှိပါသည်။

ပြည်ပမှ လွှဲပို့ငွေ ဝင်ရောက်ခြင်း တစ်ကြိမ်လျှင် ဘဏ်စရိတ် အမေရိကန် ဒေါ်လာ ၁၅ ကောက်ခံ ပါသည်။

(၂) ပြည်ပသို့ ငွေလွှဲခြင်း (ကုန်သွယ်မှု မဟုတ်သော လွှဲပို့ငွေများ)

ဘဏ်တွင် နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများ၊ လုပ်ငန်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ ပြည်ပသို့ ငွေလွှဲရန် ကိစ္စများ ရှိပါကလည်း ဘဏ်၏ ပြည်ပတွင် ဖွင့်လှစ်ထားသည့် အဆက်အသွယ် ဘဏ်များ မှတဆင့် ပြည်ပ ငွေလွှဲ လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအတွင်း ကုမ္ပဏီများတွင် တာဝန် ထမ်းဆောင်ကြသည့် နိုင်ငံခြားသား များ၏ လစာငွေအား ၎င်းတို့၏ မိသားစုထံ ပြန်လည် လွှဲပို့ခြင်း၊ နိုင်ငံခြား ကုမ္ပဏီများက ပြည်ပဘဏ် (သို့) မိခင်ကုမ္ပဏီထံမှ ချေးယူငွေ များအတွက် ချေးငွေ အရင်းနှင့် အတိုး ပေးဆပ်ခြင်း၊ အာမခံ ပရီမီယံကြေး၊ ကြော်ငြာခ၊ အမြတ်ဝေစု လွှဲပို့ခြင်း အစ ရှိသည့် ကုန်သွယ်မှု မဟုတ်သော ငွေပေးချေခြင်းများ ကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။

(၃) ပြည်ပသို့ ငွေလွှဲခြင်း (Normal T.T စနစ်ဖြင့် သွင်းကုန်အတွက် ငွေပေးချေခြင်းများ)

ပြည်ပမှ သွင်းကုန် ပစ္စည်း တင်သွင်းခြင်းအတွက် စာရင်းဖွင့် ရောင်းချခြင်းစနစ် (Open Account System)၊ ငွေလွှဲ စာတမ်း (Letter of Credit) (L.C) စနစ်နှင့် ငွေကောက်ခံခြင်းစနစ် (Collection) စနစ်တို့ဖြင့် တင်သွင်း နိုင်ပါသည်။

စာရင်းဖွင့် ရောင်းချခြင်းစနစ် (Open Account System) ဖြင့် သွင်းကုန် ပစ္စည်း တင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင်၊ ဆိပ်ကမ်းတွင် ပစ္စည်း ထုတ်ယူပြီးသည့် အထောက်အထား ဖြစ်သော သွင်းကုန် ကြေငြာလွှာ (Import Declaration)၊ Bill of Lading ကုန် အမှာစာ (Invoice) ၊ ကုန်ထုတ်ပိုးမှု စာရင်း (Packing List) တို့  တင်ပြပါက ပြည်ပရှိ ကုန်ရောင်းသူထံသို့ (T.T) စနစ်ဖြင့် ငွေပေးချေခြင်း၊ အပ်ကုန်စနစ် (Consignment Basis) ဖြင့် တင်သွင်းထားသည့် မော်တော်ယာဉ်နှင့် ကုန်ပစ္စည်း တန်ဖိုးများအား (T.T) စနစ်ဖြင့် ငွေပေးချေခြင်းအား နိုင်ငံခြား ငွေလွှဲဌာနမှ ဆောင်ရွက်ပေးပါသည်။

ပြည်ပသို့ ငွေလွှဲခြင်းများအတွက် လွှဲပို့ငွေ၏ ဝ.၁၂၅%၊ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅၀ ကောက်ခံ ပါသည်။

၂၀၁၃ခုနှစ်၊ မတ်လ (၁) ရက်နေ့မှစ၍ သွင်းကုန် ပစ္စည်း (၁၆၆) မျိုးအား သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုဘဲ တင်သွင်း ခွင့်ပြုခဲ့သဖြင့် Essential Commodity ပစ္စည်း အများစုမှာ သွင်းကုန် လိုင်စင် ရယူရန် မလိုဘဲ လွယ်ကူ လျှင်မြန်စွာ တင်သွင်းနိုင်ပြီ ဖြစ်ပါသည်။ သွင်းကုန် လိုင်စင် လျှောက်ထားရန် မလိုသည့် ကုန်ပစ္စည်း စာရင်းအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သော http://www.commerce.gov.mm တွင် ကြည့်ရှုနိုင် ပါသည်။

(၄) သွင်းကုန် ကာလတို ငွေကြေး ထောက်ပံ့ခြင်း

သွင်းကုန် လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ပိုမို အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံခြားငွေ ငွေမာ ငွေကြေး (အမေရိကန်ဒေါ်လာ) ကို အာမခံ ရယူပြီး ကာလတို မြန်မာကျပ် ချေးငွေ ထုတ်ချေးခြင်းဖြင့် သွင်းကုန် ကာလတို ငွေကြေး ထောက်ပံ့ခြင်း (Import TT-Short - Term Financing)      လုပ်ငန်း အား တစ်နှစ်လျှင် အတိုးနှုန်း ၅% ဖြင့် ဆောင်ရွက်ပေးလျှက် ရှိပါသည်။

သွင်းကုန်ကာလတို ငွေကြေး ထောက်ပံ့ခြင်းတွင် သွင်းကုန် လုပ်ငန်းရှင် များသည် ဘဏ်သို့ ပို့ကုန် ဝင်ငွေ၊ သွင်းကုန် ပေးချေမှု ဖြစ်သည့် နိုင်ငံခြားငွေ အဝင်/အထွက် (၃) နှစ်စာရင်းကို ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးခြင်း၊ အခွန် ထမ်းဆောင်မှု (၃) နှစ်စာရင်းကို စစ်ဆေးခြင်း၊ ဘဏ်၏ စံနှုန်း သတ်မှတ် ချက် (၁၁) ချက်နှင့် စိစစ်ခြင်း၊ လုပ်ငန်းရှင်၏ ငွေချေး ထိုက်တန်မှု (Credit Worthiness) စိစစ်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။